ဒုက္ခဆိုတာ နောင်တစ်ချိန် ဖြစ်လာမယ့် ဟာသပါ ...။ မှန်ချင်မှလည်း မှန်လိမ့်မည်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်တယ်။ နောက် ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ဘဝမှာလည်း ဒုက္ခဆိုတာ မပြောပလောက်တဲ့ ယိုင်နဲ့နဲ့ တံတားလေးပါ။ ဒီတံတားလေးကိုဖြတ်သန်းချိန်မှာသာ စိုးရိမ်စိတ်များပေမဲ့ တံတားလေးကို ဖြတ်သန်းကျော်ဖြတ်နိုင်တဲ့အခါ လူတိုင်း ကြည်နူးစိတ်နဲ့ ပြုံးဖြစ်ကြတာပါပဲ။ ကျွန်တော့် သဘောကတော့ အဲဒီအတိုင်းပါပဲ။ တံတားလေးကို ဖြတ်ချိန်မှာတောင် အောင်မြင်သွားတဲ့အခါ ပြုံးဖြစ်ဦးမှာပဲဆိုတာ ကြိုသိနေတဲ့ အတွက် စိုးရိမ်စိတ်က အများကြီး လျော့နည်းစေခဲ့ပါတယ်။ ကဲ ... ကျွန်တော်တို့အကြောင်းလေး ပြောပြပါဦးမယ်။ ဒါဟာ ခုနက ပြောခဲ့တဲ့ တံတားပေါ်က ကာလပါ။ အကယ်၍များ တစ်နေရာရာမှာ ပြုံးဖြစ်သွားခဲ့ရင်တောင် ဒုက္ခဆိုတာ နောင်တစ်ချိန် ဖြစ်လာမယ့်ဟာသပါဆိုတဲ့ ဆောင်ပုဒ်လေးကို ခဏဖြစ်ဖြစ် ပြန်ကြည့်ပေးပါ။ နောက် နည်းနည်းလေး ပြန်စဉ်းစားကြည့်ပေးပါ။ ပြီးမှ ဟုတ် မဟုတ်ဆိုတာကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချပါ။ကဲ ... ကျွန်တော်တို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုထဲ ဝင်ကြည့်ကြပါဦး ...။ ကျွန်တော့်မှာ အောင်မြေလို့ သတ်မှတ်ထားတဲ့ နေရာလေးတစ်ခု ရှိတယ်။ အဲဒီနေရာလေးကို အမေက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငွေတစ်သောင်းနဲ့ ဝယ်ပေးခဲ့တာပါ။ ရန်ကုန်မြို့ရဲ့ အစွန်ဆုံးတည်ကာစ မြို့သစ်ကလေး တစ်ခုမှာပေါ့။ အဲဒီနေရာမှာ ကျွန်တော်တို့ ဘဝတစ်စိတ်တစ်ပိုင်း ပေးဆပ်ခဲ့ဖူးတယ်။ ကျွန်တော်တို့ဆိုတာ ကျွန်တော် အပါအဝင် လူပေါင်းဆယ်ယောက်လောက် ရှိတယ်။ အဲဒီတုန်းကတော့ ကျွန်တော်တို့အားလုံးဟာ အနုပညာနယ်ထဲ ခြေ ချဖို့ ကြိုးစားနေကြတဲ့ လူငယ်ကလေးတွေပါ။ အခုတော့ အားလုံးဟာ သူ့ဘဝနဲ့ သူ နေရာလေးတွေ ရကုန်ကြပြီပေါ့။ ပန်းချီဝါသနာပါသူတွေက ပန်းချီဆရာ ဒီဇိုင်နာတွေဖြစ်၊ ကျွန်တော်တို့စာရေးဝါသနာပါသူတွေက စာရေးဆရာတွေ ဖြစ်ပေါ့။ ဒါကလည်း အမေဝယ်ပေးတဲ့ ကျွန်တော်တို့ရဲ့ အောင်မြေလေးကောင်းမှုလို့ ထင်တယ် စသဖြင့် ဆရာအကြည်တော်ရဲ့ သူ့ဘဝအကြောင်းဖွင့်ဆိုချက်စာအုပ်လေးပါ။