အမ်းမရေလို့ စကား မပီကလာ ပီကလာနဲ့ အစ်မကို အစ်မလို့ ပီပီသသ မခေါ်နိုင်တဲ့ ကလေးရဲ့ မြည်သံစွဲခေါ်သံ တစ်ခုပေါ့။ အဲဒီလို ခေါ်သံလေးကြားတော့ ချစ်သွားကြပြီလား။ ဝကြီးအဖို့ကတော့ အလွန်အမြင်ကတ်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အမ်းမဆိုတာ သူ့ရဲ့ မိန်းမ မယ်အိုဇာ ခေါ် သူဇာရဲ့ အမေ ယောက္ခမကြီးကို ခေါ်တာမို့ပါ။ ဝကြီးဟာ အိမ်ပွဲစားတစ်ဦးဖြစ်ပြီး မယ်အိုဇာ ခေါ် သူဇာနဲ့ လက်ထပ်ပြီးသော် ကလေးနှစ်ယောက်နှင့်အတူ အမ်းမကြီး၊ မယ်အိုဇာ ညီမဖြစ်သူ လွန်းဌေးဌေးတို့နဲ့ အတူနေထိုင်ပြီး စီးပွားရှာကျွေးနေသူ ဖြစ်ပါတယ်။ မယ်အိုဇာဆိုသည်မှာ အိမ်ထောင်ကျအမျိုးသမီး ဖြစ်တယ်ဆိုပေမဲ့ မည်မည်ရရ အလုပ်အကိုင်မရှိ။ ဂျပန်နှစ်ခါပြန် အလုပ်သွားလုပ် ပြန်လာခဲ့သော်လည်း နောက်ဆုံးမှာ အကြွေးတွေသာ ဝကြီးခမျာ ဆပ်ပေးရရှာသည်။ နောက်ပြီး ကိုးဆယ့်ခြောက်ပါးရောဂါ အစုံရှိသော အမ်းမကြီးရဲ့ ဆေးဖိုးဝါးခနှင့် အစားသောင်းကျန်း နှိပ်စက်မှုတွေကိုလည်း ဝကြီးခမျာ ကောင်းကောင်းကြီးခံရရှာလေသည်။ နောက် အမ်းမကြီး သေဆုံးသွားသောအခါ ထားခဲ့သော အမွေဆိုသည်မှာလည်း သူ အစားကြူး စားသုံးခဲ့သော ပလတ်စတစ်အိတ်ခွံ အမွေတွေသာ ဝကြီးခမျာ အမွေရရှာလေသည်။ ဒီစာအုပ်လေးကို ဖတ်ကြည့်ကြပြီးတော့ အိမ်ထောင်စုတစ်စုမှာ ယောက္ခမတွေရဲ့ နှိပ်စက်ပုံကို ဆရာအကြည်တော်က ဟာသဆန်ဆန် ပျော်ရွှင်စရာကောင်းအောင် ပုံဖော်ပေးထားတဲ့ အန္တိမ အမ္မဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်ကြပါ။