ပခုံးနှစ်ဖက်တွင် ဘယ်ညာသိုင်းလွယ်လာသော အဝတ်အစားထည့် ဟန်းဘတ်အိတ်နှစ်လုံး။ နောက် လက်နှစ်ဖက်လုံး မအားလပ်အောင် ဆွဲလာသော နောက်ထပ်ဟန်းဘတ်အိတ်နှစ်လုံးနှင့် ကြိမ်ခြင်းကြီးတစ်ခု။ ထိုခြင်း ထဲမှာမှ ဓာတ်ဘူး၊ ဖန်ခွက်၊ လက်ဖက်ဘူးများ ...။ ချစ်သူ ခန္ဓာကိုယ်ကလေး ပေါ် အိတွဲကျနေ၏။ နဖူးတွင်လည်း ချွေးစတွေ စို့ ... လို့ ... သူ့ကိုကြည့်၍ ကျွန်တော်လည်း မျက်လုံးကြီး ပြူးသွားရကာ ... “ဟင် ... ဒါ ... ဒါတွေက ...” ချစ်သူက ကပျာကယာ အနောက်ပြန်လှည့်ကြည့်ပြီး ... “တိုးတိုးပြောပါ မောင်ရယ် ... တော်ကြာ အဖေနိုးလာလို့ ဒုက္ခများကုန်ပါဦးမယ်” ထိုတော့မှ ကျွန်တော်လည်း သဘောပေါက်သွားပြီး ... “အော် ... အင်း ဟုတ်သား ... ကိုယ်က ချို ပစ္စည်းတွေ များလွန်းလို့ အံ့အားသင့်သွားတာ ... အေးလေ ... တစ်သက်လုံး ကိုယ်နဲ့ နေရမှာ ဆိုတော့ ဒီလောက်တော့လိုတာပေါ့ ... အဟိ ... ကဲ ... လာ ... သွားရအောင် အဟိ ...” “နေဦးမောင်ရဲ့ ... ကျန်သေးတယ် ...” “ဟင် ကျန်သေးတယ် ... ဟုတ်လား ...” ချစ်သူစကားကြောင့် ကျွန်တော် မျက်လုံးပြူးသွားရ၏။ ကြည့်လေ ခရီးဆောင်အိတ်လေးလုံးနဲ့ ခြင်းတစ်လုံးအပြည့်ပါတာတောင် ကျန်သေးတယ် ဆိုတော့ စဉ်းစားသာကြည့်တော့ ... ။ “ဘာ ... ဘာကျန်သေးတာလဲ ဟင် ... ” ကျွန်တော့် မျက်ဝန်းအစုံ ပြူးကျယ်သွားရ၏။ “ဟင် ... ဒါ ... ဒါကြီးက ... ဒါကြီးက ...” ကျွန်တော့်အော်သံကြောင့် အဘွားကြီး ပျာပျာသလဲနှင့် အနောက်ဘက် ပြန်ဝေ့ကြည့်ရင်း ... “ဟဲ့ ဖြည်းဖြည်းအော်ပါဟ ... တော်ကြာ ... အဘိုးကြီး ကြားသွား လို့ သူပါ လိုက်ချလာဦးမယ် ...” မိန်းမခိုးပါတယ်ဆိုမှ ယောက္ခမပါ လိုက်ချလာတဲ့ ဇေယျာနောင် တစ်ယောက် သက်ထက်ချိုအမေနဲ့ ဘယ်လိုတွေ ရှေ့ဆက်ရမလဲဆိုတာ ရုပ်ရှင်အဖြစ်နဲ့ပါ အောင်မြင်ခဲ့တဲ့ ဆရာအကြည်တော်ရဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ည စာအုပ်လေးကို ဖတ်ကြည့်လိုက်ကြရအောင်နော်။